Subscribe

Powered By

Free XML Skins for Blogger

Powered by Blogger

Saturday, 24 January 2009

အမှောင်ထဲက ကဗျာ

၁၉၉၅- ၉၆ -၀န်းကျင်လောက်က ကျမတို့နိုင်ငံရေးလောက အသိုင်းအ၀ိုင်းကြားထဲမှာ နိုင်ငံရေးသမားတွေကို စစ်အစိုးရကနှိပ်ကွပ်ဖို့ ဝေးလံခေါင်သီတဲ့အကျဉ်းစခန်းတွေ ဆောက်နေ ပြီဆိုတဲ့အကြောင်း ကျမကြားခဲ့ရပါတယ်။

တကယ်လား ကောလဟလလားဆိုတာ ကျမတို့မသိခဲ့ပါဘူး၊ သတင်းလွတ်လပ်ခွင့် မရှိတဲ့ ကျမတို့နိုင်ငံမှာ ကောလဟလကနေ တကယ်ဖြစ်ခဲ့တာတွေရှိခဲ့သလို လေထဲကလာပြီး လေထဲမှာပဲ ပျောက်ခဲ့တာတွေလည်း ရှိပါတယ်။

နိုင်ငံရေးသမားတွေကို ခြောက်လှန့်ချင်တဲ့သဘောနဲ့ ၀ါဒဖြန့်ချိတာလားလို့ တွေးထင် ခဲ့ပေမယ့် ၁၉၉၈- ခုရောက်မှ ဒီအဖြစ်အပျက်ဟာ တကယ်ပါလားလို့ အထင်အရှားနဲ့ အံ့သြ ထိတ်လန့်တွေ့ကြုံ့ရင်ဆိုင်ခဲ့ရပါတယ်။ ၁၉၉၈- ဖေဖော်ဝါရီ (၁၈)ရက်မှာ နိုင်ငံရေးအမှုနဲ့ အဖမ်းခံရတဲ့ ခင်ပွန်းသည်ကို ပြစ်ဒဏ်(၁၄)နှစ်နဲ့ စစ်ကိုင်းတိုင်း ကလေးမြို့နယ် မော်လိုက် လေးရွာ အကျဉ်းထောင်ကို အင်းစိန်ထောင်ကနေ ရွှေ့ပြောင်းခံလိုက်ရပါတယ်။

ကလေးအကျဉ်းထောင်၊ ခန္တီးအကျဉ်းထောင်၊ ဘူးသီးတောင်ထောင် အစရှိတဲ့ ထောင် (၃)ထောင်ကို တပြိုင်တည်းဆောက်တဲ့နေရာမှာ စစ်ကိုင်းတိုင်းကလေးအကျဉ်းထောင်က အရင်ပြီးတဲ့အတွက် ကလေးထောင်ကို ဦးဆောင်ပြီးဆောက်တဲ့ ထောင်ပိုင်ဦးသာဦးကို စစ် အစိုးရက ရာထူးအဆင့်မြှင့်ပြီး ချီးမြှောက်ခဲ့ပါတယ်။ ဒုတိယခန္တီးထောင်၊ တတိယ ဘူးသီး တောင် ထောင်တို့ ဆောက်လုပ်ပြီးစီးခဲ့ပါတယ်။

အာဏာပိုင်တို့ရဲ့အကြောင်းပြချက်ကတော့ လူဦးရေတိုးပွားလာတဲ့နိုင်ငံတခုမှာ ဒေသ သားတွေရဲ့လုံခြုံရေးကိုကြည့်ပြီး ဒေသသားပြစ်မှုကျူးလွန်သူတွေအတွက် ထောင်တွေ ဆောက်လုပ်ခဲ့တာပါလို့ အကြောင်းပြပါတယ်။ တကယ်ကတော့ ဒေသသားမဟုတ်တဲ့ စစ်အစိုးရဆန့်ကျင်သူ နိုင်ငံရေးသမားတွေကို ညှဉ်းပန်းနှိပ်စက်ဖို့အတွက် တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ ကလေးမြို့က နိုင်ငံရေးအကျဉ်းသမားများကိုတော့ ကလေးမြို့နဲ့ဝေးတဲ့ မန္တလေး ထောင်၊ မြစ်ကြီးနားထောင်တွေကိုပို့ဆောင်ခဲ့ပြီး မြစ်ဝကျွန်းပေါ် ရန်ကုန်မှနိုင်ငံရေးအကျဉ်း သမားများကိုတော့ ကလေး၊ ခန္တီး၊ ဘူးသီးတောင်၊ ပူတာအို၊ မိုင်းဆတ်ထောင်တွေကို ပို့ဆောင် ချုပ်နှောင်ခဲ့တာပါ၊

အဲဒီထဲက ကလေးထောင်ကို နိုင်ငံရေးအကျဉ်းသမား(၁၅)ဦးနဲ့ ၁၉၉၈- မေလမှာ စတင်ဖွင့်လှစ်ခဲ့ပါတယ်။ တောရိုင်းမြေသင်္ချိုင်းဟောင်းကြီးပေါ်မှာ ကလေးထောင်ကို တည် ဆောက်ထားတာပါ။ ဂျွန်လမှာ ကျမထောင်ဝင်စာသွားတွေ့တော့ လေးထောင့်ပတ်လည် ထောင် အုတ်ရိုးနဲ့ဘူးတံခါးသာ တည်ဆောက်ပြီးပါသေးတယ်။ ထောင်အတွင်းထဲက သစ်သား အဆောင်နှစ်ခုကို ထောင်ဝင်စာအခန်းကနေ လှမ်းမြင်ရပါတယ်၊ အဆောက်အဦးဆိုလို့ ထမင်း ချက်တဲ့ဖိုနဲ့ သစ်သားအဆောင်နှစ်ခုပဲ ရှိပါသေးတယ်။ မိန်းမဆောင် မဆောက်ရသေးပါဘူး။ ယခုလက်ရှိ ဘူးတံခါးအထက်မှာရှိတဲ့ ထောင်ပိုင်အိမ်လည်း မရှိသေးပါဘူး။ ထောင်ပိုင်က တဲကလေးနဲ့ အုတ်ရိုးအပြင်ဘက် ငှက်ပျောတောထဲမှာ နေရတာပါ။ ၀န်ထမ်းအိမ်တွေကလည်း တဲသာသာအိမ်လေးတွေနဲ့ ဟိုနေရာတစု ဒီနေရာတစု နေနေကြရတယ်။

ဆောက်လက်စအင်္ဂတေတွေဖွာလန်ကျဲနေတဲ့နေရာကို သန့်ရှင်းရေးမလုပ်ဘဲနဲ့ နိုင်ငံရေးအကျဉ်းသမားတွေကိုထားပါတယ်။ အားချင်းတည်ဆောက်ပြီး တော့ ဗိုလ်ခင်ညွန့်အမိန့်နဲ့ ပို့ဆောင်ခြင်းဖြစ်တယ်လို့ သိရပါတယ်။ အင်းစိန်ထောင်ကနေ မန္တလေးထောင်၊ မန္တလေးထောင်ကနေ မုံရွာထောင်၊ မုံရွာထောင်ကနေ ကလေးအကျဉ်း ထောင်အထိ သံခြေကျဉ်းခတ်ပြီးခေါ်ဆောင်လာခြင်းခံရတဲ့ နိုင်ငံရေးအကျဉ်းသမားတွေ ကလေးထောင်ရောက်တော့ သိပ်ကို ပင်ပန်းနွမ်းနယ်နေကြပါပြီ။

သံခြေကျဉ်းနဲ့ ထောင်မှာမှတ်ပုံတင်ပြီး အခန်းထဲကို သွင်းလိုက်ပါတယ်။ အခန်းထဲက အမှိုက်ပုံတွေကိုရှင်းပြီး ကိုယ့်တနေရာစာနေရာလေးကို လှဲကျင်းပြီးနေခဲ့ရပါတယ်။ သံခြေကျဉ်း ကြောင့်ရခဲ့တဲ့အနာတွေကလည်း တော်တော်နဲ့မပျောက်ပါဘူး။ မနက်ကို ဆယ့်ငါးမိနစ် ကိုယ်လက်အကြောဖြေ ရေချိုးခွင့်ပေးပါတယ်။ ရေကလည်းရှားပါးတဲ့အတွက် ကိုတာစနစ်နဲ့ သောက်ရေသုံးရေ ရရှိပါတယ်။ မလုံလောက်တဲ့အတွက် ခဏခဏ ထောင်အာဏာပိုင်နဲ့ အကျဉ်းသမားများ ပြဿာနာပေါ်ကြရပါတယ်။ တနေ့လုံးမှ ဆယ့်ငါးမိနစ်ပဲ အခန်းအပြင် ထွက်ရတာပါ။ ထမင်းကျွေးချိန်မှာ တယောက်ကျဆီ ထွက်ယူရပါတယ်။

ညဆိုရင် ညကိုးနာရီအထိပဲ မီးစက်မောင်းပြီး မီးအလင်းရောင်ပေးပါတယ်။ ကိုးနာရီ ကျော်ရင်တော့ ထောင်တခုလုံးတိတ်ဆိတ်မည်းမှောင်သွားပြီး ထောင်ဝန်ထမ်းရဲ့ သံချောင်း ခေါက်သံ၊ ဗာယာအော်သံ၊ တောတောင်တွေထဲက ခွေးအ အူသံ၊ ညဥ့်ငှက်တွေအသံ၊ ငှက်ဆိုး ထိုးသံတွေက အသည်းငယ်သူများအဖို့ သွေးပျက်ချင်စရာပါပဲ။ အိပ်ရာထဲလှဲလိုက်တာနဲ့ ပိုးမွှားတွေရဲ့နှိပ်စက်မှု၊ ပိုးနသန်ကောင်တွေရဲ့သွေးစုတ်မှု၊ အမျိုးအမည်ဖော်မပြတတ်တဲ့ ပိုး

ကောင်တွေ၊ ခွေးပုရစ်လို့ခေါ်တဲ့ ပိုးမွှားတွေ တထွာကျော်ကျော်လောက် ကင်းခြေများတွေ၊ ကင်းမြီးကောက် အဖြူအနက် အမျိုးမျိုး၊ လူပေါ်ဖြတ်ဖြတ်ပြေးတဲ့ မြေကြွက်ကြီးတွေကြောင့် ညဘက်တွေမှာမအိပ်နိုင်ဘဲ သံတိုင်ကိုကိုင်ပြီး ငုတ်တုပ်ထိုင်နေရပါတယ်။

ရာသီဥတုရဲ့ဒဏ်၊ အာဟာရပြတ်လပ်တဲ့ဒဏ်၊ အနောပလိလို့ခေါ်တဲ့ ငှက်ဖျားချင်တွေ ရဲ့ဒဏ်ကြောင့် ၁၉၉၈-မေလကုန်မှာရောက်တဲ့ နိုင်ငံရေးအကျဉ်းသမားတွေ ဂျူလိုင်လမှာ ငှက်ဖျားဖြစ်ကုန်ကြပါပြီ။ ထောင်က မနက်စာထမင်း၊ စွန်တာနီပဲဟင်းရေကျဲတခွက်နဲ့ ငပိ တကော်ပဲ ကျွေးပါတယ်။ ညစာကို ကန်စွန်းကြီးပြုတ်ရည်နဲ့ ငပိတကော်ကျွေးပါတယ်။ ကန်စွန်း ကြီးရွက်က အင်မတန်မှအနံ့ဆိုးလှပါတယ်။ ထောင်ကပေးတဲ့ငပိကို ယင်ကောင်ကလည်း မနားပါဘူး။ ကြွက်ကလည်း မစားပါဘူး။ ထောင်ပိုင်ပြဟင်းခွက်နဲ့ လုံးဝတူညီမှုမရှိတဲ့ အာဟာ ရနဲ့ အသက်ဆက်ခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသမားတွေ ငှက်ဖျားရောဂါရဲ့နှိပ်စက်မှုကို အလူး အလဲခံကြရပါတော့တယ်။ ငှက်ဖျားရဲ့သဘာဝက အားနည်းရင်ဖြစ်တတ်ပါတယ်။ လုံလောက် တဲ့ဆေးဝါးကုသမှု၊ လုံလောက်တဲ့အာဟာရမရှိမှုကြောင့် ငှက်ဖျားရောဂါဟာ နာတာရှည်ဖြစ် လာပါတယ်။

ခြင်ထောင်မရှိ၊ ဂုံနီအိတ်အခင်းပေါ်မှာ အိပ်စက်ကြရသူတွေဟာ ငှက်ဖျားအန္တရာယ်ကို ဘယ်လိုမှ မကာကွယ် မခုခံနိုင်တော့ပါဘူး။ နိုင်ငံရေးအကျဉ်းသားတွေရဲ့အဆောင်က ဆေးရုံ လူနာဆောင်အဖြစ် ပြောင်းလဲသွားပါတော့တယ်။

ဝေးလံခေါင်သီတဲ့ထောင်သစ်တွေရဲ့တူညီချက်တခုကတော့ ဆေးရုံမရှိ၊ ဆရာဝန်မရှိ၊ ဆေးဝါးမရှိ၊ ကြိုးစင်သာရှိတဲ့ ထောင်တွေကို ကျမတွေ့ခဲ့ရပါတယ်။

ယုံကြည်ချက်ကြောင့် အကျဉ်းကျနေတဲ့ နိုင်ငံရေးအကျဉ်းသမားတွေ အသက်ရှင် တည်ရှိရေးအတွက် အငြင်းပယ်ခံရတဲ့အချိန်မှာ ထောင်အာဏာပိုင်များနဲ့ ပဋိပက္ခအပြင်း အထန်ဖြစ်ပါတော့တယ်။ အနည်းငယ်ကျန်းမာရေးကောင်းသူတွေက ပုံသဏ္ဍန်မျိုးစုံနဲ့တိုက်ပွဲ ဆင်ကြပါတယ်။ ဖွင့်ချတိုက်ခိုက်ခြင်း၊ အစာငတ်ခံတိုက်ပွဲဝင်ခြင်းများပြုလုပ်ခဲ့ပါတယ်။ တောင်း ဆိုချက်တွေကတော့ ငှက်ဖျားကင်းလွတ်တဲ့မိသားစုနဲ့ အနီးဆုံးအကျဉ်းထောင်တွေကို ပြောင်း ရွှေ့ပေးရေး၊ နောက်ထပ် ဒေသသားမဟုတ်တဲ့ နိုင်ငံရေးအကျဉ်းသမားများမပို့ရေးတို့ပါပဲ။ ဒီအခါကျမှ အာဏာပိုင်တွေဘက်က အလျှော့အတင်းလုပ် ညှိနှိုင်းပြီး ဆေးဝါးကုသပေးပါ တယ်။ ထောင်ပြောင်းရွှေ့မှုကိစ္စကိုတော့ အထက်ကိုတင်ပြမယ်ပြောပြီး ဆယ့်ငါးမိနစ်သာဖွင့် တဲ့တံခါးကို နာရီဝက်အထိ တိုးပြီး ဖွင့်လှစ်ပေးခဲ့တယ်။

အဲဒီလိုဒုက္ခဆိုးတွေနဲ့ရင်ဆိုင်ပြီး မြန်မာပြည်ဒီမိုကရေစီရရှိရေးအတွက် ကိုယ့်အတ္တတွေ ကို စွန့်လွှတ်ရင်ဆိုင်နေကြတဲ့ နိုင်ငံရေးအကျဉ်းသမားတွေ မြန်မာပြည်မှာယုတ်လျော့သွား ခြင်း မရှိပါဘူး။

ထောင်တွေတိုးပွားခဲ့သလို စစ်အစိုးရဆန့်ကျင်ရေး နိုင်ငံရေးအကျဉ်းသမားတွေလည်း တိုးပွားလျက်ရှိပါတယ်။ စစ်အစိုးရမပြောင်းလဲသမျှ၊ စစ်အာဏာရှင်စနစ်မချုပ်ငြိမ်းသမျှ၊ ပြည် သူ့ဘက်သား တော်လှန်ရေးသမားအထောင်အသောင်းတွေလည်း ပေါ်ပေါက်လျက် ရှိနေဦးမှာ ပဲလို့ ကျမ ယုံကြည်မိပါတယ်။